Tuesday, April 12, 2016


စက်မှုနိုင်ငံများ တည်ထောင်ကြရာတွင် အစိုးရများက သဘာ၀၀န်းကျင် မပျက်စီးစေရန် ဥပဒေများ ပြဌာန်းထားလေ့ရှိသည်။ ဥပဒေများတွင် လူထုကာကွယ်ရေးကိစ္စရပ်များအတွက် ၀န်းကျင်ထိပါး ဆန်းစစ်ချက်များကို တင်ပြရန် ဖော်ပြထားသည့် နိုင်ငံများရှိသလို မဖော်ပြထားသော နိုင်ငံများရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ လူထုအနေဖြင့် မိမိတို့မှာ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက စီမံကိန်းများကို ရပ်တန့်ပစ်နိုင်သော စွမ်းရည်ရှိပါသည်။


အီကွေဒေါတိုင်းပြည်၏ Andes တောင်တန်းကလေးများတွင် တောထူထူလှပသော နေရာလေးတခု ရှိသည်။ ထိုနေရာတွင် Junin လူမျိုးစုများ တောင်ယာလုပ်ကိုင်စားသောက်ကြသည်။ ဆင်းရဲကြသော်လည်း ၎င်းနေရာတွင် အသက်မွေးဝမ်းကျောင်းလာသည်မှာ နှစ်ပေါင်းရာချီရှိပြီ။ မကြာသေးသော ကာလတခုတွင် သူတို့ဒေသ၌ ကြေးနီသတ္တုမိုင်းကြီးတခု လာရောက်လုပ်ကိုင်မည်ဆိုသော စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ဂျပန် Company တခု ရောက်လာပြီး သူတို့ဒေသမှာ တူးဆွရှာဖွေမှုများ လုပ်လာသည်။ Company မှ လမ်းများ ဖောက်ပေးမည်။ ဆေးခန်းများ ဆောက်လုပ်ပေးမည်။ ကျောင်းများ ဆောက်ပေးမည် အစရှိသည့် မက်လုံးကတိများ ပေးလာသောအခါ တူးဆွရှာဖွေမှုများကို လူထုက ခွင့်ပြုထားလိုက်သည်။ နောက်ဆုံး ကုမ္မဏီမှ Copper သတ္တုကြောကြီး တွေ့သွားသည်။ Junin ဒေသခံလူထုလည်း သူတို့ ရေအရင်းအမြစ်များတွင် သတ္တုတူးဆွရှာဖွေ စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းနေပြီဆိုသည်ကို သိရှိလာကြသည်။ နောက်ပိုင်း လူအများအပြားတွင် အရေပြားယားယံ အကွက်ပေါ်ခြင်း အပါအ၀င် အခြား ကျန်းမာရေးပြဿနာပေါင်းစုံ ဖြစ်ပွားလာပါသည်။



ထို့ကြောင့် လူထုမှ Company ကို တူးဆွမှုများ ရပ်ပစ်ရန် တောင်းဆိုကြသည်။ ကုမ္ပဏီက မရပ်သည့်အတွက် လူထုလှုပ်ရှားမှုများ ဖြစ်လာသည်။ သတ္တုရှာဖွေရေးလုပ်သားများ အားလပ်ရက် အဝေးရောက်နေချိန်မှာ ရွာသူရွာသား ရာပေါင်းများစွာသည် သူတို့၏ စခန်းအထဲ ၀င်သွားပြီး မိုင်းတူးကိရိယာ၊ ပရိဘောဂ၊ အခြားတန်ဖိုးရှိသောအရာများကို စခန်းအထဲမှ ဖယ်ရှားပြီး အာဏာပိုင်တွေဆီ အပ်ထားလိုက်သည်။ ထို့နောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ ထိုအကြောင်းကို ကုမ္မဏီက သိရှိသွားပြီး လုပ်ငန်းရပ်ဆိုင်းလိုက်သည်။ ထိုနောက် ကနေဒါမှ ကုမ္ပဏီတခုဆီသို့ မိုင်းတွင်းတူးလုပ်ငန်းကို ရောင်းချလိုက်သည်။

လူထုစုစည်းမှုကို ဖြိုခွဲပစ်ရန် ကနေဒါကုမ္ပဏီမှ ကြိုးစားလာသည်။ Junin ဒေသခံများ ပိုင်ဆိုင်သော မြေများကို ငွေကြေးမြောက်မြားစွာ ပေးပြီး ၀ယ်ယူသည်။ တချို့က ရောင်းကြသည်။ တချို့က မရောင်း။ သည့်အတွက် ပဋိပက္ခဖြစ်လာနိုင်ကြောင်း ကုမ္ပဏီက သိရှိခဲ့သည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်နိုင်ရန် ဆရာဝန်တဦး ထားပေးပါ၏။ သို့သော် သတ္တုတွင်းဆောက်လုပ်ခြင်းကို သဘောတူကြောင်း စာရွက်မှာ လက်မှတ်ထိုးပေးသော လူများကိုသာ ကြည့်ရှုပေးခြင်းဖြစ်သည်။ ထိုသို့ တရားမျှတမှုမရှိသည့် လုပ်ရပ်များကို အခြားနိုင်ငံများက သိရှိပြီးနောက် ဖျားနာနေသော လူများကို ကုသပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့ရေးသမားများမှ ကျန်းမာရေးလုပ်သားတဦး စေလွှတ်ပေးပါသည်။

အီကွေဒေါနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ မစတင်ခင် EIA (Environmental Impact Assessment) ဆိုသည့် ၀န်းကျင်ထိပါး ဆန်းစစ်ချက်များ တင်ပြရန် ဥပဒေ ရှိထားသည်။ Junin လူထုမှ မိမိမြေကို ကာကွယ်နိုင်ရန် EIA ကို သူတို့အတွက် လက်နက်သဖွယ် အသုံးပြုနိုင်ကြောင်း သိရှိထားကြသည်။



EIA ကို အသေအချာ မလုပ်ဆောင်ပါက မိုင်းတွင်းဆောက်လုပ်မှုကို အစိုးရက ခွင့်ပြုရန် ငြင်းပယ်နိုင်သည်ကို လူထုမှ သိရှိထားကြသည်။ သမာသမတ်ကျသော EIA တွင် Copper သတ္တုတူးဖော်ရေးကြောင့် လူများ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရေလမ်းကြောင်းပျက်စီးပြောင်းလဲခြင်း၊ အမှိုက်သရိုက်များ၊ သတ္တုများ၊ အခြားအဆိပ်ဓာတ်များကြောင့် ညစ်ညမ်းမှုဖြစ်ပွားခြင်း ... အစရှိသည့် ၀န်းကျင်ထိပါးမှုများကို ဖော်ပြရမည်ဆိုသည်ကိုလည်း သိရှိထားကြသည်။ ထို့ကြောင့် လူထုမှ ဥပဒေကို အသုံးချပြီး အသာယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကုမ္ပဏီက EIA လုပ်ဆောင်ပြီးကြောင်း ကြေညာပြီးသော်လည်း ပြည့်စုံမှုမရှိဟုဆိုကာ အစိုးရမှ ပယ်ချလိုက်ပါသည်။ Junin ဒေသတွင် ကြေးနီသတ္တု တူးဖော်ရေးလုပ်ငန်းကြီး ရပ်တန့်သွားတော့သည်။

တရားဥပဒေဘောင်အတွင်းက ဆောင်ရွက်ခြင်းများအပြင် လူထုမှ တိုက်ရိုက်လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ကြပါသည်။ မိမိနယ်မြေအထဲ Company ၀င်ရောက်မလာစေရန် လမ်းပိတ်ခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များက မိမိတို့ဒေသကို သတ္တုမတူးရနယ်မြေအဖြစ် သတ်မှတ်ကြေညာခြင်း ... စသောနည်းလမ်း ပေါင်းစုံအသုံးပြုကာ Copper သတ္တုမိုင်းကြီးကြောင့် မိမိတို့အိမ်ယာများ ဖျက်ဆီးခံရမည့်ဘေး၊ သစ်တောများ ပြုန်းတီးမည့်ဘေးနှင့် ရေအရင်းအမြစ်များ ပျက်စီးမည့် ဘေးများကို Junin လူထုမှ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

EIA အကြောင်း

ပတ်ဝန်းကျင်နှင့်ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများအတွက် ရုန်းကန်လှုပ်ရှားနေရသောလူထုများမှာ ဘေးအန္တရာယ်များကို လျစ်လျူရှုကာ သဘာဝသယံဇာတ ထုတ်လုပ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးစားပေးတတ်သော အစိုးရနှင့် စီးပွားရေးအဖွဲ့အစည်းကြီးများ၏ ဆန့်ကျင်ဘက်ပြုမှုနှင့် အကြမ်းဖက် ဆက်ဆံခံရမှုများကို ကြုံတွေ့ရလေ့ရှိသည်။ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များကြောင့် ဒေသခံများ ဖယ်ထုတ်ခံရခြင်း၊ ဆိုးရွားလှသော ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်စေခြင်း၊ လူထုလုံခြုံမှုကို ခြိမ်းခြောက်ခြင်း၊ အဆိပ်ဓာတ်များကြောင့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာခြင်းတို့ ဖြစ်လေ့ရှိသည်။ အစိုးရများ၏ လူထုကာကွယ်ရေးဆိုင်ရာ ဥပဒေပြုမှုများကိုပင် ငွေကြေးပေါကြွယ်လှသော
စီးပွားရေးကော်ပိုရေးရှင်းကြီးများမှ တားဆီးထားနိုင်တဲ့ အင်အားရှိကြသည်။

ဒေသဆိုင်ရာနှင့် နိုင်ငံတော်ဥပဒေများ၏ အကူအညီကို မရရှိပါက နိုင်ငံတကာဥပဒေများမှ အကာအကွယ် ရယူနိုင်သည်။ လူထုမှ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ ရပိုင်ခွင့်ရှိ၏ ဆိုသော Idea မှာ ဥပဒေရေးရာနယ်ပယ်တွင် လူသိနည်းလှသည်။


စက်မှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ တိုးပွားလာပါသည်။ ထို့ကြောင့် အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများအနေဖြင့် ဆုံးဖြတ်ချက်ချပြီးမှ ကြံရွယ်နိုင်သော EIA ဆိုသည့် ကိရိယာတခုကို ဥပဒေအရ လိုအပ်လာကြသည်။

စီမံကိန်းတခု၏ လူ၊ တိရိစ္ဆာန်၊ မြေ၊ ရေ၊ လေ အရည်အသွေးများအပေါ် မည်သို့မည်ပုံ သက်ရောက်မှု ဖြစ်နိုင်ကြောင်း EIA တွင် ဖော်ပြရမည်။ (စီမံကိန်းများတွင် လမ်းဖောက်၊ သတ္တုတူးဖော်၊ လေဆိပ်ဆောက်၊ နောက် အခြား စက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပါဝင်ပါသည်)

လူမှုရေးပြဿနာများဖြစ်သော ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ဆုံးခြင်း (ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းကျောင်းမှု၊ သမိုင်းဝင်နေရာများ၊ ဘာသာရေး အထွတ်အမြတ်နေရာများ စသည်) တို့ကိုလည်း တင်ပြပေးရမည်။ စီမံကိန်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဆိုပါကလည်း EIA ရှိသည့်အတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ပါမည်။ ကော်ပိုရေးရှင်းတခုတည်း သို့မဟုတ် လူထုနှင့်အစိုးရ ပူးပေါင်းပါဝင်ကာ EIA ပေါ်ထွက်လာအောင် ဆောင်ရွက်နိုင်သည်။

EIA ၏ အခြေခံလုပ်ဆောင်မှု ၂ ခုမှာ ...

၁။ စီမံကိန်းကြောင့် ထိခိုက်မှုများလေ့လာခြင်းနှင့် ထိခိုက်မှုများကို ဖော်ပြထားသော အစီရင်ခံစာ ရေးသားခြင်း၊ စီမံကိန်းကို အကောင်အထည်ဖော်မည့် Company ၏ တာဝန်သာဖြစ်သည်။ လူထုပါဝင်မှု ရှိရှိ မရှိရှိ ရသည်။

၂။ လူထု တွေ့ဆုံအစည်းအဝေးများ ပြုလုပ်ခြင်းဖြင့် ထိခိုက်ခံရမည့် ဒေသခံများကို စီမံကိန်းမစခင် သုံးသပ် အကဲဖြတ်ရန် ခွင့်ပြုခြင်းဖြစ်သည်။


EIA ကို ကြိုတင်သတိထားခြင်း စည်းမျဉ်း (Precautionary Principle) ဖြင့် လမ်းကြောင်းပေးကာ ရေးဆွဲပါမှ သမာသမတ်ကျလိမ့်မည်။

Precautionary Principle ၏ ဖွင့်ဆိုချက်မှာ...

အကယ်၍ တစုံတရာသည် အန္တရာယ်ကို ဖြစ်စေနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပြချက်ရှိပါက သေချာကြောင်း မသိရှိသေးသော်လည်း အန္တရာယ်ကို စွန့်စားလုပ်ဆောင်ခြင်းထက် ရှောင်ကွင်းလိုက်ပါက ပိုမိုကောင်းမွန်ကြောင်း ဟူ၍ဖြစ်သည်။

ထိုစည်းမျဉ်းမှာ နိုင်ငံအများစုရှိ စည်းမျဉ်းများ ၏ ဆန့်ကျင်ဖက်။ အန္တရယ်ရှိလာမှ ရပ်ဆိုင်းမည်ဆိုသော စည်းမျဉ်းကိုသာ သုံးနေကြသည်။၎င်းစည်းမျဉ်းမျိုးကိုDead Bodies Principle (လူသေကောင် စည်းမျဉ်း) ဟုခေါ်၏။

Company အများစုမှာ လူထုပါဝင်မှုကို မဖိတ်ခေါ်ခင် EIA အစီရင်ခံစာများကို ရေးထားလေ့ရှိသည်။ EIA နှင့် ပတ်သက်သော အစည်းအဝေးများကို လူထုမှ သိရှိစေရန် လုပ်ဆောင်ခြင်းမရှိ။ သို့မဟုတ် လူထုမှ အစည်းအဝေးများကို လက်လှမ်းမမီစေရန် ဖန်တီးထားလေ့ရှိသည်။

EIA ဖော်ဆောင်ရေးတွင် လူထုမှ ပါဝင်ဆောင်ရွက်ခြင်းသည် အခွင့်အရေးတရပ် ဖြစ်သည်။ လူထု ပါဝင်လာပါက Company က ပေးသော အချက်အလက်များသာမက နေရာပေါင်းစုံမှ အချက်အလက်များ စုံလင်စွာ ရရှိလာမည်။ ဖြစ်လာနိုင်သော ဘေးအန္တရာယ်များကိုလည်း နားလည်လာစေရန် အချိန်ရလာမည်ဖြစ်သည်။

EIA ဖော်ဆောင်ရေးတွင် ပါဝင်ခြင်းဖြင့် မိမိလူထုကို ပညာပေးစည်းရုံးခြင်းဖြစ်သလို ရေရှည်အတွက် မိမိတို့ ကျန်းမာရေးနှင့် အရင်းအမြစ် ကာကွယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။

အန္တရာယ်ရှိသော စီမံကိန်းများကို အမြဲ ရပ်တန့်နိုင်လေ့မရှိ။ သို့သော် EIA သည် ဒေသခံလူထုကို ကာကွယ်မှုပေးနိုင်သည်။

EIA တွင် လူထုအသံ ပါဝင်ရန် တောင်းဆိုနိုင်သည်။ လူထုကိုယ်စားလှယ်ရှိပါက (သို့မဟုတ်) အစိုးရကိုယ်စားလှယ်များကို ခန့်ထားပါကလည်း ထိုသူတို့သည် သတင်းစကားများကို လူထုထံ ပြန်လည်ဖြန့်ဝေ ရှင်းပြရမည်။

EIA အစီရင်ခံစာတခုလုံးကို လူထုမှ ဖတ်ရှုခွင့်ရှိပါသည်။ အကျဉ်းချုပ် (သို့မဟုတ်) တစိတ်တပိုင်း အစီရင်ခံစာများကို လက်မခံသင့်။

EIA အစီရင်ခံစာများတွင် လုံခြုံရေးအန္တရာယ်များ၊ လူမှုရေးအန္တရာယ်များ၊ ကျန်းမာရေးအန္တရာယ်များ၊ (အညစ်အကြေး) ရှင်းလင်းရေး ကုန်ကျစရိတ်များ ...စသည့် အခန်းကဏ္ဍများ ပါဝင်လေ့ရှိသည်။ Company မှ လူထုကို အသိမပေးလိုသော အကြောင်းအရာများဖြစ်သည်။

EIA တွင် ဖော်ပြထားသော ပြဿနာအပြင် မဖော်ပြထားသော ပြဿနာများကို မီဒီယာ၊ အစိုးရအရာရှိများနှင့် လူထုမှ သိရှိနိုင်ရန် ဝေငှဖြန့်ဝေကြရမည်။ လူထုမှ သိရှိထားပါမှ အန္တရာယ်ကြီးမားလှသော စီမံကိန်းများကို အားကောင်းကျယ်ပြန့်စွာ ဆန့်ကျင်ကန့်ကွက်နိုင်ပါမည်။

အချက်အလက်များကို နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ- ကမ္ဘာ့ကုလသမဂ္ဂ) အထိ ရောက်ရှိအောင် ဖြန့်ဝေနိုင်ပါသည်။ သို့မှသာ လူထုအရေးကို တုံ့ပြန်ဆောင်ရွက်ပေးရန် အစိုးရများနှင့် စီးပွားရေး ကော်ပိုရေးရှင်းကြီးများကို ဖိအားပေးနိုင်ပါလိမ့်မည်။


ဖော်ပြခဲ့သော ဆောင်းပါးတွင် ...

(၁) သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ပြီး ဒေသခံလူထုများ ကျန်းမာရေးထိခိုက်နိုင်ကြောင်း။
(၂) လောဘဇောကပ်နေသော စီးပွားရေးသမားများမှ လူထုအသံကို နားမထောင်ပုံ။ လူထုညီညွတ်မှုကို ငွေကြေး အသုံးပြုကာ ဖြိုခွဲရန် ကြိုးစားပုံ။
(၃) နိုင်ငံတိုင်းမှာ သတ္တုတူးဖော်ရေး ... စသော စက်မှုလုပ်ငန်းဆိုင်ရာ ဥပဒေများကို တိတိကျကျ
ပြဌာန်းထားရန် လိုအပ်ပုံ။
(၄) EIA အစီရင်ခံစာများ အရေးကြီးပုံ။
(၅) ပြည်သူလူထု၏ စုစည်းညီညွတ်မှုအားဖြင့် မိမိတို့ အန္တရာယ်များကို တွန်းလှန်ရန် ဥပဒေအကာအကွယ် တခုတည်းသာမက တခြား သင့်လျော်သော နည်းလမ်းများကို အသုံးပြုကြကာ အောင်ပွဲရစေရန် ကြိုးပမ်းပုံများကို သိရှိနိုင်ပါသည်။

ထို့ကြောင့် လူထု၏အားကို အထင်မသေးကြပါရန်၊ ဆင်းရဲသားများကို အနိုင်မကျင့်ကြပါရန်နှင့် ပြည်သူ့ကိုယ်စားလှယ် ဆိုသူများမှလည်း ပြည်သူ့ကာကွယ်ရေးဥပဒေများ ကြိုးစားရေးဆွဲပေးရန်။ တောင်းဆိုပေးရန်။ Honest (သမာသမတ်ကျသော) EIA များ ဖြစ်မဖြစ် ဆန်းစစ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အီကွေဒေါမှ Junin ဆင်းရဲသားလူထု အောင်ပွဲရခဲ့သလို ကမ္ဘာပေါ်ရှိ လူထုတိုင်း အောင်ပွဲရနိုင်သည်။ မိမိဒေသ ထိခိုက်မှုမရှိစေရန်အတွက် လူထုမှ တွန်းလှန်လှုပ်ရှားခြင်းသည် လူ့အခွင့်အရေးပင် ဖြစ်ပါကြောင်း ပြည်သူလူထုကို လေးစားစွာ တင်ပြလိုက်ရပါသည်

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget